More Related Content
More from MYO AUNG Myanmar (20)
MYANMAR: ANNUAL REPORT COUNTRY ENTRY 2016 By Amnesty International,BURMESE VERSION
- 1. မြန်မာ
ပြည်ထောင်စုသမ္မတမြန်မာနို်င်ငံ
အစိုးရအဖွဲ့အကြီးအကဲနှင့် နိုင်ငံတော်အကြီးအကဲ - ဦးသိန်းစိန်
နို်င်ငံအတွင်း ဘာသာရေးအရ သည်းခံမှုနည်းပါးလာပြီး မူဆလင်များအပေါ် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများ
တိုးပွားအောင်လှုံ့ဆော်မှုများကို အာဏာပိုင်များမှ ကိုင်တွယ်ဖြေရှင်းမှု မရှိခဲ့ခြင်းကြောင့် သဘောထားတင်းမာသော
ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီများ သြဇာပိုကြီးမားလာကာ ရွေးကောက်ပွဲမတိုင်ခင် လွှမ်းမိုးမှုများပြုလုပ်နိုင်ခဲ့သည်။
ဖိနှိပ်ခံနေရသော ရိုဟင်ဂျာများ၏ အခြေအနေမှာလည်း ပိုမိုဆိုးဝါးလာခဲ့သည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊
သင်ပင်းဖွဲ့စည်းခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်များအပေါ် အစိုးရက ပိုမိုတိုးမြှင့် ကန့်သတ်လာခဲ့သည်။ ပြည်တွင်း
စစ်ပွဲများဖြစ်ပွားနေသော နေရာများတွင် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများ၊ လူသားချင်းစာနာထောက်ထားရေး
ဥပဒေများကို ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပေါ်နေခဲ့သည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု
သံသယရှိခံရသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အရေးယူခံရခြင်းမရှိပဲ လုံးဝနီးပါး ပစ်ဒဏ်ကင်းလွတ်ခွင့်ရနေဆဲ ဖြစ်သည်။
နောက်ခံအကြောင်းအရာ
နိုဝင်ဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံတွင် အများမျှော်လင့်နေကြသော အထွေထွေ ရွေးကောက်ပွဲကျင်းပခဲ့ပြီး
အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ်နေရာ အများစုကို အနိုင်ရခဲ့သည်။ ၂၀၁၆ မတ်လ
အကုန်လောက်တွင် အစိုးရသစ်တစ်ရပ် တက်လာတော့မည် ဖြစ်သည်။ ရွေးကောက်ပွဲများသည် ယုံကြည်လက်ခံ
နိုင်လောက်ခြင်း၊ ပွင့်လင်းမြင်သာခြင်းများ ရှိခဲ့သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ချီးမွမ်းမှုများ ရှိခဲ့သော်လည်း လူနည်းစုများ
ဖယ်ချန်ထားခံခဲ့ရခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များကို ဆက်လက်ကန့်သတ်မှုများ ရှိနေခြင်းကြောင့် ဝေဖန်စရာ
ဖြစ်ခဲ့သည်။
ဇွန်လတွင် ၂၀၀၈ အခြေခံဥပဒေပါပြဌာန်းချက်များဖြစ်သော အခြေခံဥပဒေပြင်ဆင်ခွင့်အပေါ် စစ်တပ်က ပယ်ချခွင့်နှင့်
အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားချက်ကို ပယ်ဖျက်ရေး ကြိုးပမ်းချက်
များကို တပ်မတော်က တားဆီးခဲ့သည်။
ဇူလိုင်လတွင် နိုင်ငံတကာ ဓာတုလက်နက်များတားဆီးရေးသဘောတူညီချက်ကို မြန်မာနိုင်ငံက အတည်ပြု လက်မှတ်ရေး
ထိုးခဲ့ပြီး စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ကို
မဏာမလက်မှတ်ရေးထိုးခဲ့သည်။
ခွဲခြားဆက်ဆံမှုများ
ဘာသာရေးဆိုင်ရာ သည်းခံမှုနည်းပါးခြင်းများ ကြောက်စရာကောင်းလောက်အောင်တိုးပွားလာခဲ့သည်။ အထူးသဖြင့်
မူဆလင်ဆန့်ကျင်ရေး စိတ်ဓာတ်များတိုးလာပြီး သဘောထားတင်းမာသော ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီအုပ်စုများ
သြဇာကြီးလာခဲ့သည်။ တိုင်းပြည်အရေး၊ လူမျိုးရေး၊ ဘာသာရေး အမုန်းတရား အပေါ်အခြေခံသည့် ခွဲခြားဆက်ဆံခြင်း
အကြမ်းဖက်ခြင်း ပြုလုပ်အောင် လှုံ့ဆော်မှုများကို အာဏာပိုင်များက တားဆီးရန် ပျက်ကွက်ခဲ့သည်။
မေလနှင့် သြဂုတ်လများအတွင်းတွင် “အမျိုးဘာသာသာသနာစောင့်ရှောက်ရေး” အတွက် ရည်ရွယ်သော ဥပဒေလေးခုကို
လွှတ်တော်က အတည်ပြုခဲ့သည်။ ယင်းဥပဒေများကို ကနဦးအဆိုပြုခဲ့သူများမှာ သဘောထား တင်းမာသော ဗုဒ္ဓဘာသာ
အမျိုးသားရေးဝါဒီအုပ်စုများ ဖြစ်သည်။ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ
အထူးထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေထိမ်းချုပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဥပဒေ နှင့်
- 2. တစ်လင်တစ်မယား ဥပဒေများ တွင် ဘာသာရေးနှင့် ကျားမအပေါ် မူတည်၍ ခွဲခြားဆက်ဆံခြင်း အပါအဝင်
လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စေသည့် ပြဋ္ဌာန်းချက်များ ပါဝင်နေသည့်ကြားမှ အတည်ပြုပြဌာန်းခဲ့ခြင်း ဖြစ်သည်။
ယင်းဥပဒေများကြောင့် လူနည်းစု များအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် အကြမ်းဖက်မှုများ ပိုမိုတိုးပွားလာမည်ကို စိုးရိမ်မှုများ
ရှိခဲ့သည်။i
ခွဲခြားဆက်ဆံမှုများနှင့် ဘာသာရေးအရ သည်းခံစိတ်နည်းပါးလာမှုများ တိုးပွားလာခြင်းအပေါ် ထောက်ပြဝေဖန်ခဲ့သော သူ
တချို့ကိုလည်း အစိုးရနှင့် အစိုးရမဟုတ်သောသူများက လက်တုံ့ပြန်ခဲ့သော ဖြစ်ရပ်များလည်း ရှိခဲ့သည်။ ဗုဒ္ဓဘာသာကို
အသုံးချ၍ ခွဲခြားဆက်ဆံမှုများ ကို ၂၀၁၄ ခုနှစ် အောက်တိုဘာလက ပြုလုပ်ခဲ့သော ဟောပြောပွဲ တစ်ခုတွင် ဝေဖန်ခဲ့သော
စာရေးဆရာ ဦးထင်လင်းဦးအား ဘာသာသာသနာကို စော်ကားမှု စွဲချက်ဖြင့် ဇွန်လ (၂) ရက်နေ့က အလုပ်ကြမ်းနှင့်
ထောင်ဒဏ် (၂) နှစ်ချမှတ်ခဲ့သည်။ မျိုးစောင့်ဥပဒေ လေးခုကို ဝေဖန်ခဲ့သော အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများနှင့်
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများမှာလည်း ခြိမ်းခြောက်မှုများ နှောက်ယှက်မှုများခံခဲ့ရပြီး လိင်ပိုင်းဆိုင်ရာ
စော်ကားသော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ရိုဟင်ဂျာ လူနည်းစု
ရိုဟင်ဂျာ လူနည်းစုများ၏ အခြေအနေမှာ ဆက်လက်၍ ဆုတ်ယုတ်နေခဲ့သည်။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ
အများစုမှာ နိုင်ငံသားဖြစ်ခွင့်မရပဲ ၎င်းတို့၏ လွတ်လပ်စွာသွားလာခွင့်၊ အသက်ကယ် ကျန်းမာရေးစောင့်ရှောက်မှု ရပိုင်ခွင့်၊
ပညာသင်ယူခွင့်နှင့် တန်းတူအလုပ်အကိုင်ရပိုင်ခွင့်များ ဆိုးဆိုးဝါးဝါး ကန့်သတ်ခံနေရဆဲ ဖြစ်သည်။ ရိုဟင်ဂျာများကို
လုံခြုံရေးအဖွဲ့ဝင်များက တရားလက်လွတ်ဖမ်းဆီးခြင်း၊ ချုပ်နှောင်ထားစဉ်အတွင်း နှိပ်စက်ခြင်းအပါအဝင် အခြားကြမ်းတမ်း
သော နည်းလမ်းများဖြင့် ဆက်ဆံခြင်းနှင့် လုံခြုံရေးအာဏာပိုင်များလက်ဝယ် သေဆုံးခြင်းများ အကြောင်း အစီရင်ခံ
ချက်များ ပေါ်ထွက်နေခဲ့သည်။ ရခိုင်ပြည်နယ်သို့ နိုင်ငံတကာ လေ့လာရေးအဖွဲ့များ သွားရောက်ခွင့်ကိုလည်း
တင်းကြပ်သော ကန့်သတ်မှုများ ရှိနေဆဲ ဖြစ်သည်။
ဖေဖေါ်ဝါရီလတွင် သမ္မတက အဖြူရောင်ကတ်ဟု လူသိများသော ယာယီသက်သေခံလက်မှတ်များကို ရုပ်သိမ်းလိုက်
သဖြင့် ရိုဟင်ဂျာအများအပြားတွင် အသိအမှတ်ပြုလက်မှတ် တစ်ခုမျှ မရှိတော့သည့် အဖြစ်ရောက်သွား ခဲ့သည်။
ဤဆောင်ရွက်ချက်က ရိုဟင်ဂျာများနှင့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ခဲ့သော အခြားသော သူများကို
နိုဝင်ဘာလရွေးကောက်ပွဲတွင် မဲပေးခွင့် မရစေပဲ ဖြစ်သွားခဲ့သည်။ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်
စာရင်းပေးခဲ့သော ရိုဟင်ဂျာ ကိုယ်စားလှယ်လောင်း အားလုံးနီးပါးကိုလည်း ပယ်ချခဲ့သဖြင့် ရွေးကောက်ပွဲများတွင်
ရိုဟင်ဂျာများ ပါဝင်နိုင်မှု လုံးဝမရှိသလောက် ဖြစ်ခဲ့သည်။ အခြားသော မူဆလင် အများအပြား မှာလည်း
ခွဲခြားဆက်ဆံမှုများကြောင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့ကြပါ။
ဆိုးဝါးလာသော အခြေအနေများကြောင့် ရိုဟင်ဂျာအများအပြား မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြသည်။ ကုလသမဂ္ဂ
ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ စာရင်းများအရ ရိုဟင်ဂျာများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ စုစုပေါင်း
၃၃၀၀၀ ခန့် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်၍ လှေများဖြင့်ထွက်ပြေးခဲ့ကြသည်။ မေလတွင် အိမ်နီးချင်း ထိုင်းနိုင်ငံ၏
လူမှောင်ခိုကူးမှုကိုနှိမ်နင်းသော စီမံချက်ကြောင့် လူမှောင်ခိုသမားများ ထိမ်းချုပ်ထားသည့် (မြန်မာနိုင်ငံမှ ထွက်ပြေး
လာသော ရိုဟင်ဂျာအများအပြားအပါအဝင်) ထောင်နှင့်ချီသော လူများကြပ်ညပ်စွာ လိုက်ပါလာသော လှေများသည်
ပင်လယ်တွင်း မြောနေသည်ကို တွေ့ခဲ့ရသည်။ အများအပြားမှာ အရိုက်အနှက်ခံခဲ့ရပြီး ငွေကြေးနဲ့ လဲလှယ်ရန်
ပြန်ပေးဆွဲခံထားခဲ့ရသည်။ii
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ
ကျောင်းသားဆန္ဒပြသူများ၊ နိုင်ငံရေးလှုပ်ရှားသူများ၊ မီဒီယာသမားများနှင့် လူ့အခွင့်အရေးကာကွယ်ရေး လှုပ်ရှားသူများ၊
အထူးသဖြင့် အလုပ်သမားနှင့် လယ်သမားအရေး လှုပ်ရှားသူများသည် မိမိ၏အခွင့်အရေးများကို ငြိမ်းချမ်းစွာ ကျင့်သုံးခြင်း
- 3. ကြောင့် အာဏာပိုင်များ၏ ဖမ်းဆီးအကျဉ်းချမှုကို ဆက်ခံနေရဆဲ ဖြစ်သည်။ iiiနှစ်ကုန်အချိန်ထိ မိမိ၏ အခွင့်အရေးကို
ငြိမ်းချမ်းစွာ ကျင့်သုံးခြင်းကြောင့် အကျဉ်းကျခံနေရသူ ယုံကြည်ချက်အကျဉ်းသား အနည်းဆုံး (၁၁၄) ဦး ရှိပြီး အာမခံနှင့်
လွှတ်ပေးထားသူ ရာပေါင်းများစွာလည်း အမှုဆက်လက်ရင်ဆိုင်နေရပြီး အကျဉ်းချခံရနိုင်သည့် အခြေအနေရှိနေဆဲ
ဖြစ်သည်။
မတ်လအတွင်းက ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့တွင် အမျိုးသားပညာရေး ဥပဒေကို အများအားဖြင့် ငြိမ်းချမ်းစွာ
ဆန္ဒပြနေကြသော ကျောင်းသားများကို ရဲများက အကြမ်းဖက်လူစုခွဲခဲ့သည်။ ဤဆန္ဒပြပွဲများတွင် ပါဝင်မှုဖြင့် ကျောင်းသား
ဆန္ဒထုတ်ဖော်သူများ၊ ခေါင်းဆောင်များနှင့် ဝန်းရံပြန်သူ စုစုပေါင်း (၁၀၀) ကျော်ကို ဖမ်းဆီးပြီး အမှုအမျိုးမျိုးတပ်၍
တရားစွဲဆိုခဲ့သည်။ ၎င်းတို့အထဲတွင် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်ပါဝင်ပြီး သူမ၏ငြိမ်းချမ်းစွာ
လှုပ်ရှားမှုများအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပါက ထောင်ဒဏ် (၉) နှစ်ကျော် ကျခံရနိုင်သော အခြေအနေကို
ရင်ဆိုင်နေရပါသည်။ နောက်ပိုင်းရက်များတွင်လည်း ကျောင်းသားလှုပ်ရှားမှုများနှင့် ဆက်စပ်သူများကို ခြိမ်းခြောက်ရန်နှင့်
အပြစ်ပေးရန်ရည်ရွယ်ကာ ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို စောင့်ကြည့်ခြင်းနှင့် အခြားအနှောက်အယှက်
ပေးမှုများ ပြုလုပ်ခဲ့သည်။iv
ရွေးကောက်ပွဲ မကျင်းပမီ တစ်လအလို အောက်တိုဘာလတွင် တပ်မတော်ကို သရော်လှောင်ပြောင်သော ဖော်ပြ ချက်များ
လူမှုကွန်ယက်စာမျက်နှာပေါ်တင်ခဲ့သူအချို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။ ဖမ်းခံရသူများအနက် တစ်ဦးမှာ
ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ ကချင်အမျိုးသား ပက်ထရစ်ခွန်ဂျာလီဖြစ်သည်။ ၎င်းသည် ဖမ်းဆီးခံထားရစဉ်
ကာလအတွင်း ကျန်းမာရေး ဆိုးဝါးနေမှုကြောင့် အာမခံပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ သော်လည်း ငြင်းပယ်ခံခဲ့ရသည်။
ထိန်းသိမ်းခံရသူများကို ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး အက်ဥပဒေအရ တရားစွဲခဲ့ခြင်းဖြစ်ပြီး အာဏာပိုင်များက ၎င်းတို့၏
ဖိနှိပ်မှုများကို ဒစ်ဂျစ်တယ် နယ်ပယ်ထဲအထိ ဖြန့်ကျက်လာပြီ လားဟူသော စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
ဇူလိုင်လ (၃၀) ရက်နေ့က ကြေညာခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်လာသော အကျဉ်းသား ၆၉၆၆ ဦးတွင်
ယုံကြည်ချက်အကျဉ်းသား (၁၁) ဦးသာ ပါဝင်ခဲ့သည်။ ယုံကြည်ချက် အကျဉ်းသား ဦးထွန်းအောင်မှာ ဇန်နဝါရီလက
သမ္မတ၏ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။
ဇန်နဝါရီလ ၅ ရက်နေ့တွင် သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးအကျဉ်းသားအမှုများကို စီစစ်ရန်အတွက်၂၀၁၃ ခုနှစ်က
ဖွဲ့စည်းခဲ့သော ကော်မတီတစ်ခုကို ပြန်လည်အသက်သွင်းခဲ့သည်။ အစိုးရမီဒီယာ၏ ဖော်ပြချက်အရ အဆိုပါ
နိုင်ငံရေးအကျဉ်းသားများ စီစစ်ရေးကော်မတီအသစ်သည် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများအရေးကို
အောက်ခြေအဆင့်အထိ မဆိုင်းမတွဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။ သို့ရာတွင် နှစ်ကုန်သည့်အချိန်အထိ
ယင်းကော်မတီ၏ တာဝန်၊ ငွေကြေးအရင်းအမြစ်နှင့် လုပ်ငန်းဆောင်ရွက်ပုံများအကြောင်း မည်သည့် သတင်း
အချက်အလက်မှ မရရှိပဲ ကော်မတီအနေဖြင့် ဆက်လက်ရပ်တည်နေခြင်း ရှိမရှိကိုပင် ရှင်းရှင်းလင်းလင်း မသိရှိရပေ။v
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်
အဓိပ္ပါယ်ကျယ်ပြန့်ပြီး တိကျမှုမရှိသော စားသားများပါဝင်သည့် ဥပဒေများကိုသုံး၍ အစိုးရဆန့်ကျင်သူများအား
နှိပ်ကွပ်ခြင်းနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်တို့ကို ကန့်သတ်ခြင်း များ
ရှိခဲ့သည်။ ယင်းဥပဒေများတွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနှင့်
“တရားမဝင်လူစုလူဝေးများ”၊ “ဘာသာရေးမထီမဲ့မြင်ပြုမှု”၊ “သွေးထိုးလှုံ့ဆော်မှုများ” ကို အရေးယူနိုင်သော
ရာဇသတ်ကြီးဥပဒေပါ ပြဌာန်းချက်များအပြင် မတရားအသင်းအက်ဥပဒေ နှင့် အခြားဥပဒေတို့ပါဝင်သည်။
အဆိုပါအခွင့်အရေးများကို ကန့်သတ်ချုပ်ခြယ်သည့် ဥပဒေများကို ပြင်ဆင်ရန် သို့မဟုတ် ပြန်လည်သုံးသပ်ရန်
ကြိုးပမ်းမှုများ မရှိခဲ့ပေ။
- 4. အာဏာပိုင်များသည် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ငြိမ်းချမ်းစွာ တက်ကြွလှုပ်ရှားသူများကိုလည်း
နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နှောက်ယှက်ခြင်း၊ စောင့်ကြည့်ခြင်းများ ပြုလုပ်ခဲ့သည်။ အနောက်မှ လိုက်လံ စောင့်ကြည့်ခြင်း၊
ပွဲများ၊ အစည်းအဝေးများ တက်ရောက်ချိန်တွင် ဓာတ်ပုံရိုက်ယူခြင်း၊ အိမ်များ၊ ရုံးများတွင် ဝင်ရောက်ရှာဖွေခြင်း၊
မိသားစုများ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များကို ခြိမ်းခြောက် အနှောက်အယှက်ပေးခြင်းများ ပြုလုပ်ခဲ့သည်။
သတင်းသမားများသည်လည်း ၎င်းတို့၏ လုပ်ငန်းကို ငြိမ်းချမ်းစွာ ဆောင်ရွက်မှုကြောင့် နှောက်ယှက်ခြင်း၊ ဖမ်းဆီးခြင်း၊
အရေးယူခြင်းနှင့် အကျဉ်းချခံရခြင်းများ ပြုလုပ်ခံရသဖြင့် အချို့မှာ ကိုယ့်ဟာကိုယ် ဆင်ဆာဖြတ်တောက်မှုများ
ပြုလုပ်လာကြရသည်များ ရှိခဲ့သည်။vi
ပြည်တွင်း လက်နက်ကိုင်တိုက်ပွဲများ
အောက်တိုဘာလ ၁၅ ရက်နေ့တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဆယ်စုနှစ်ပေါင်းများစွာ
ဖြစ်ပွားနေခဲ့သော လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်စေရန်ရည်ရွယ်သည့် တစ်နိုင်ငံလုံး အပစ်အခတ်
ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့က လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် အချို့သော
တိုင်းရင်းသားအဖွဲ့များကို အစိုးရက စာချုပ်တွင်ပါဝင်လက်မှတ်ရေးထိုးခြင်းမှ ဖယ်ချန်ထားခဲ့ခြင်းကို အကြောင်းပြု၍
လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်ခံရသော အဖွဲ့များထဲမှ (၇) ဖွဲ့က မထိုးပဲနေခဲ့သည်။ ယင်း (၇) ဖွဲ့အထဲတွင် အစိုးရနှင့်
တိုက်ပွဲများဆက်လက်ဖြစ်နေဆဲ အဖွဲ့အားလုံးပါဝင်သည်။
ကချင်နှင့် ရှမ်းပြည်နယ်များတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေခဲ့ပြီး သတ်ဖြတ်မှုများ၊ လူအစဖျောက်မှုများ၊
အဓမ္မပြုကျင့်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် အဓမ္မလုပ်အားပေး ခိုင်းစေမှုများလည်း ဆက်ဖြစ်နေခဲ့သည်။vii
နေအိမ်များကို စွန့်ခွာထွက်ပြေးလာရသူများထံသို့ လူမှုကူညီရေးအဖွဲ့များ အချိန်မရွေးသွားရောက် ကူညီခွင့်ကိုလည်း
အစိုးရက ဆက်လက် ငြင်းပယ်နေဆဲ ဖြစ်သည်။
ဖေဖေါ်ဝါရီလတွင် အစိုးရတပ်နှင့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) တို့ ကိုးကန့် ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရ ဒေသတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ချိန်တွင် ပြည်သူများ သတ်ဖြတ်ခံခဲ့ရကြောင်းနှင့် ထောင်ပေါင်းများ
စွာသောပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေး ခဲ့ကြရကြောင်း သိရှိရသည်။ ဖေဖေါ်ဝါရီ (၁၇) ရက်နေ့တွင် သမ္မတက
ယင်းဒေသတွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ကိုးလအကြာ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် စစ်အုပ်ချုပ်ရေးကို ပြန်လည်
ရုပ်သိမ်းခဲ့သည်။ အောက်တိုဘာလတွင် ရှမ်းပြည်အလယ်ပိုင်းတွင် တပ်မတော်က ထိုးစစ်များပြန်လည် ပြုလုပ်ခဲ့သဖြင့်
လူပေါင်း ၆၀၀၀ ခန့် နေအိမ်များကို စွန့်ခွာ ထွက်ပြေးကြရသည်။ နှစ်ကုန်ချိန်ထိ လူပေါင်း ၄၀၀၀ ခန့် နေအိမ်
မပြန်နိုင်သေးပဲ ရှိနေခဲ့သည်။
လက်နက်ကိုင်ပဋိပက္ခများတွင် ကလေးများ၏ ပါဝင်မှုနှင့် ပက်သက်သည့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်
များအခွင့်အရေးစာချုပ် နောက်ဆက်တွဲ သဘောတူညီချက်တစ်ခုကို စက်တင်ဘာလတွင် အစိုးရက လက်မှတ်ရေးထိုး
ခဲ့သည်။ တပ်မတော်ကလည်း ကလေးသူငယ်နှင့်ဆယ်ကျော်သက် စုစုပေါင်း (၁၄၆) ယောက်ကို တပ်ထဲမှထွက်ခွင့်ပြုခဲ့
ကြောင်း သိရှိရသည်။ အစိုးရတပ်နှင့် အခြားလက်နက်ကိုင်တပ်များက ကလေးသူငယ်များကို တပ်သားသစ်အဖြစ်
ဆက်လက်စုဆောင်းနေဆဲ ဖြစ်ကြောင်း သိရှိရသည်။
စီးပွားရေးလုပ်ငန်းကြီးများ၏ စရိုက်လက္ခဏာ
စီးပွားရေး လုပ်ငန်းများ၏ လူ့အခွင့်အရေးများကို ချိုးဖောက်ခြင်း၊ သို့မဟုတ် ချိုးဖောက်မှုများ ဖြစ်စေခြင်းများမှ ကာကွယ်
တားဆီးပေးနိုင်သော လုံလောက်သည့် ဥပဒေမူပေါင်များ မရှိသေးပါ။ လူများအား နေအိမ်များမှ အတင်းအကြပ် ပြောင်း
- 5. ရွှေ့ခိုင်းခြင်းကို တားမြစ်သောဥပဒေမရှိသကဲ့သို့၊ တွင်းထွက်ပစ္စည်း တူးဖော်ရေးလုပ်ငန်းများနှင့် ထုတ်ကုန်လုပ်ငန်း
များကြောင့် ရေ၊ လေ နှင့် မြေကြီးများ ညစ်ညမ်းစေပြီး လူ့အခွင့်အရေးကို ထိခိုက်စေသော ဖြစ်ရပ်များမှ ကာကွယ်တားဆီး
ပေးနိုင်ရန် လုံလောက်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယ်များလည်း မရှိသေးပါ။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ အငြင်းပွားဖွယ်ရာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အကောင်အထည်ဖော်နိုင်ရေး အတွက်
ဒေသခံ ပြည်သူထောင်ပေါင်းများစွာသည် နေအိမ်များ၊ လယ်ယာများမှ အတင်းအဓမ္မ ဖယ်ရှားခံရမည့် အခြေအနေနှင့်
ရင်ဆိုင်နေရပါသည်။ လက်ပံတောင်းသည် မုံရွာသတ္တုတူးဖော်ရေးစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဒေသခံများကို
၎င်းတို့၏နေအိမ်များမှ အတင်းအကြပ်ရွှေ့ပြောင်းခြင်း၊ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခြင်းစသည့် လူ့အခွင့်အရေး
ချိုးဖောက်မှုနှင့် ပက်သက်သည့် ရှည်လျားသော သမိုင်းကြောင်းရှိထားသည့်အပြင် သဘာဝ ပတ်ဝန်းကျင်အပေါ်
ဆိုးကျိုးများသက်ရောက်မှုများကြောင့် ဒေသခံများ၏ ကျန်းမာရေးနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို
ခြိမ်းခြောက်နေသည်။ နှစ်ကုန်ချိန်အထိ ၎င်းစီမံကိန်းများတွင် ပါဝင်ကျူးလွန်ခဲ့သော ကုမ္ဗဏီတစ်ခုမျှ လူ့အခွင့်အရေး
ချိုးဖောက်မှုများအတွက် အရေးယူခံခဲ့ရခြင်းမရှိသေးပါ။viii
ဒုက္ခသည်များနှင့် ပြည်တွင်းတွင် အိုးအိမ်စွန့်ခွာထွက်ပြေးသူများ
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏စာရင်းအရ မြန်မာနိုင်ငံတွင် ပြည်တွင်း
အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း ၂၃၀၀၀၀ ရှိသည်ဟုဆိုသည်။ ၎င်းတို့မှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း
တွင် တိုက်ပွဲများကြောင့် ထွက်ပြေးနေရသူ ၁၀၀၀၀၀ ခန့်နှင့် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု
များကြောင့် နေအိမ်များမှ ထွက်ပြေးခဲ့သူ ရိုဟင်ဂျာအများစုပါဝင်သည့် ဒုက္ခသည် ၁၃၀၀၀၀ ခန့်တို့ ဖြစ်သည်။
ဇူလိုင်လတွင် နိုင်ငံအနှံ့အပြား ဆိုးဆိုးဝါးဝါးရေကြီးမှုကြောင့် လူပေါင်း ၁၃၀၀၀၀၀ ခန့် ခေတ္တနေအိမ် များကို
စွန့်ခွာတိမ်းရှောင်ခဲ့ရသည်။
ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်း (၉) ခုတွင် မြန်မာနိုင်ငံသား ဒုက္ခသည်ပေါင်း ၁၁၀၀၀၀ ခန့် ရှိနေသေးပြီး ၎င်းတို့၏
ဘဝရှေ့ရေးမှာလည်း မရေမရာ ဖြစ်နေပါသည်။ ဒုက္ခသည်အများအပြားက မြန်မာနို်င်ငံသို့ ပြန်ရမည်ကို စိုးရိမ်ကြောင်း
ပြောခဲ့ပြီး စစ်အင်အားများ ဆက်လက်ဖြန့်ကျက်ထားခြင်း၊ ရာဇဝတ်မှုကျူးလွန်သူများ အပစ်ပေးအရေးယူခံရခြင်းမှ
ကင်းလွတ်ခွင့် ဆက်လက်ရှိနေခြင်း၊ မြေမြုပ်မိုင်းများရှိနေသေးခြင်း၊ ပညာရေးနှင့် အလုပ်အကိုင်ရရှိရေးအတွက်
အခွင့်အလမ်းနည်းပါးခြင်းများက ဒုက္ခသည်များ မိမိဆန္နအလျောက် ပြန်ရေးအတွက် အဟန့်အတားများ ဖြစ်နေပါသည်။
အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရနေခြင်း
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လူ့အခွင့်အရေးချိုးဖောက်မှုများဆက်ကျူးလွန်နေပြီး အရေးယူခံရခြင်းမရှိသလောက်ပင်
ဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးသည့် ဖြစ်ရပ်များ ရှားပါးလှပြီး စုံစမ်းစစ်ဆေးမှု
ပြုလုပ်သည့်အခါများတွင်လည်း ပွင့်လင်းမြင်သာမှုနှင့် အမှီအခိုကင်းမှုလည်း မရှိပါ။ ကျူးလွန်သူများလည်း တာဝန်ခံရသည့်
ဖြစ်ရပ် ရှားပါးလှပါသည်။ ကျူးလွန်ခံရသူများနှင့် ၎င်းတို့၏ မိသားစုများသည် တရားမျှတမှု၊ အမှန်တရားနှင့်
ပြန်လည်ကုစားမှု ရပိုင်ခွင့်များ ဆက်လက်ဆုံးရှုံးနေရပါသည်။ix
၂၀၁၄ အောက်တိုဘာလက စစ်တပ်က ဖမ်းဆီးထားစဉ်အတွင်း ပစ်သတ်ခံရပြီး သေဆုံးသွားသည့် သတင်းထောက်
ကိုအောင်ကျော်နိုင် (ခေါ်) ကိုပါကြီး၏ အမှုတွင် ပတ်သက်ခဲ့သည်ဆိုသော စစ်သားနှစ်ဦးကို စစ်ခုံရုံးက တရားသေ
လွှတ်ပေးလိုက်သည်ကို သိရှိရကြောင်း မေလတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ကြေညာ
ခဲ့သည်။ ဤအမှုကို ရဲဘက်က စုံစမ်းစစ်ဆေးနေပြီး တရားရုံးကလည်း စစ်ဆေးနေချိန်တွင် စစ်ခုံရုံးတင်ခဲ့ခြင်းဖြစ်သည်။
လူ့အခွင့်အရေးကော်မရှင်က ကြေညာချက်ထုတ်သည့်အခါမှ စစ်ခုံရုံးတင်ထားကြောင်း ကိုအောင်ကျော်နိုင်၏ မိသားစုက
- 6. သိရှိခဲ့ရသည်။ အမှုဖြစ်ခဲ့သည့်နှစ် ကုန်ချိန်အထိ ဤလူသတ်မှုနှင့် ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်ကိုမှ
အရေးယူခဲ့ခြင်း မရှိသေးပါ။
၂၀၀၈ အခြေခံ ဥပဒေပါ လွတ်ငြိမ်းသက်သာခွင့် ပြဌာန်းချက်များအရ တပ်မတော်သားများနှင့် အစိုးရအရာရှိများသည်
၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရားစွဲဆို အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရနေပါသည်။
သမ္မတများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့်၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်
ရာဇဝတ်မှုမြောက်သည့် ဆောင်ရွက်ချက်များ ရှိနိုင်သော်လည်း နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူများကို
တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဆောင်ရွက်ချက်များအတွက် တစ်သက်တာ ပစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးနိုင်သည့်
ဥပဒေကို ဒီဇင်ဘာလတွင် လွှတ်တော်သို့ တင်သွင်းခဲ့သည်။ နှစ်ကုန်ချိန်အထိ ယင်းဥပဒေကြမ်းကို အတည်မပြုသေးပါ။
သေဒဏ်
သေဒဏ်စီရင်ခြင်း တစ်မှုမှ မရှိခဲ့ပေ။ ယခုနှစ်အတွင်း အနည်းဆုံး (၁၇) ဦးကို သေဒဏ်ပြစ်ဒဏ် စီရင်ချက်ချခဲ့သည်။
နိုင်ငံတကာ၏ အကဲဖြတ်စောင့်ကြည့်ခြင်း
နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်းကို ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး အခြေအနေ
ပုံမှန်သုံးသပ်ဆွေးနွေးပွဲတွင် အကဲဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။ xလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သင်းပင်းဖွဲ့စည်း
ခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်များကို ကန့်သတ်သော ဥပဒေများကို ပြန်လည်သုံးသပ်ရန် အဓိက အကြံပြုချက်ကို မြန်မာ
အစိုးရကပယ်ချခဲ့ပြီး၊ ရိုဟင်ဂျာလူနည်းစုများကို စနစ်တကျခွဲခြားဆက်ဆံလျှက်ရှိသည်ကို အသိအမှတ်ပြုရန်လည်း
ငြင်းဆိုခဲ့သည်။
ကုလသမဂ္ဂ၏ မြန်မာနို်င်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သည် ပြီးခဲ့သည့်နှစ်အတွင်း နှစ်ကြိမ်တိုင်
မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော်လည်း ၎င်း၏တာဝန်များ ဆောင်ရွက်ရာတွင် အဟန့်အတားများနှင့်ကြုံခဲ့ရသည်။
သြဂုတ်လခရီးစဉ်တွင် ၎င်းအား (၅) ရက်သာ လာရောက်ခွင့်ပေးသည်။ ထို့ပြင် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်ရရန်
ခက်ခဲခဲ့ပြီး ရခိုင်ပြည်နယ်သို့လည်း သွားခွင့်မရခဲ့ပေ။ ၎င်းနှင့်တွေ့ဆုံခဲ့သော အရပ်ဘက် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအား
စောင့်ကြည့်ခြင်း၊ နှောက်ယှက်ခြင်းများရှိခဲ့သည်ဟု ထုတ်ပြန်ပြောကြားခဲ့သည်။ နှစ်ကုန်ချိန်အထိ မြန်မာနိုင်ငံတွင်
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး သဘောတူညီချက် မရရှိခဲ့သေးပေ။ လူ့အခွင့်အရေးမဟာမင်းကြီးရုံး
ဝန်ထမ်းများ မြန်မာနိုင်ငံအတွင်း လုပ်ငန်းများလုပ်ကိုင်ခွင့် ရနေသော်လည်း တစ်နိုင်ငံလုံးသို့ သွားရောက်နိုင်ခွင့်
အမြဲမရသဖြင့် ၎င်းတို့၏ လုပ်ငန်းများဆောင်ရွက်ရာတွင် အတားအဆီးများ ရှိနေခဲ့ပါသည်။
i
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် နိုင်ငံတကာဂျူရီလူကြီးများကော်မရှင်တို့၏ ထုတ်ပြန်ချက်၊ မျိုးစောင့်ဥပဒေများကို ပါလီမန်က
ပယ်ချရမည်။(ASA 16/1107/2015)
ii
မရဏခရီးကြမ်းများ - အရှေ့တောင်အာရှဒသေတွင်း ဒုက္ခသည်နှင့် လူမှောင်ခိုမှု အရေး(ASA 21/2574/2015)
iii
လမ်းဟောင်းများအတိုင်းပြန်သွားခြင်း - မြန်မာနိုင်ငံမှ ယုံကြည်ချက်အကျဉ်းသား မျိုးဆက်သစ်(ASA 165/2457/2015)
iv မြန်မာ - ကျောင်းသားဆန္ဒပြသူများနှင့် ဝန်းရံသူများကို ဖိနှိပ်မှုရပ်ဆိုင်းပါ။ (ASA 16/1511/2015)
v
ယုံကြည်ချက်အကျဉ်းသားရေးရာကော်မီတီဖွဲ့စည်းခြင်းနှင့် ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့်
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ တို့၏ အိတ်ဖွင့်ပေးစာ(ASA 16/0007/2015)
vi
နိုင်ငံတော်ဆင်ဆာနှင့် ကိုယ်တိုင်ဆင်ဆာကြားပိတ်မိခြင်း - မြန်မာနိုင်ငံတွင် မီဒီယာသမားများကို ခြိမ်းခြောက် တရားစွဲဆိုခြင်း (ASA 16/1743/2015)
vii
ကချင်အမျိုးသမီးနှစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးပါ။(ASA 16/0006/2015)
viii
စီးပွားရေးလမ်းဖွင့်ခြင်းလား - မြန်မာကြေးနီသတ္တုမိုင်းမှ လုပ်ငန်းကြီးများ၏ ရာဇဝတ်မှုနှင့် ကျူးလွန်မှုများ(ASA 16/0003/2015)
ix
မြန်မာ - လေးနှစ်ကြာပြီးချိန်တွင် ကချင်တိုက်ပွဲများ၏ အမှတ်အသားမှာ ကျူးလွန်သူများ တာဝန်မခံရခြင်းဖြစ်နေဆဲ(ASA 16/1832/2015)
x
ရပ်နေသော ပြုပြင်ပြောင်းလဲမှုများ - တာဝန်ခံမှုမဲ့ခြင်း၊ ခွဲခြားဆက်ဆံခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခြင်းများ၊